Thursday, March 29, 2012

အီစီကလီ

My freedomက candy ရဲ့ပို့စ်ကိုကြိုက်လို့ပြန်ရှယ်ထားတာပါ။ သူပြောတာလဲမှန်တယ်ထင်လို့ပါ။မကြိုက်ပဲနဲ့အီရင်မိန်းခလေးရောယောက်ကျားလေးပါသိက္ခာကျပါတယ်။ ဒါကိုတချို့ကဘယ်လိုမြင်လဲတော့မသိပါ။လူတကိုယ်အကြိုက်တမျိုးကိုး အိုကေ.. ဒီနေ့ပြောမှာက လူငယ်တွေကြားမှာ အလွန့်အလွန်မှ ရေပန်းစားလှတဲ့ အီစီကလီ (ခေါ်) ကျူခြင်း (ခေါ်) စမာခြင်း။ အားလုံးကတော့ ထင်မှာပဲ။ ကန်ဒီတယောက် ဒီအကြောင်းရေးမယ်ဆိုတော့ သူတော်တော်နားလည်လို့ဖြစ်မယ်လို့။ ဟဟဟ.. တကယ်တော့ အဲလောက်ကြီးလည်း မဟုတ်ပါဘူး။ စမာတယ်ဆိုတဲ့စကားတောင်ဟိုတလောကမှသူငယ်ချင်းတယောက် ပြောပြောနေလို့ ကြားဖူးတာ။ မြန်မာဗန်းစကားတွေကလည်း များသား။ တခါကလည်း သူငယ်ချင်းတစ်ယောက်ပြောတာ "သူက ပွမ်တယ်.." တဲ့။ ကန်ဒီနားလည်တဲ့ ပွမ်တယ်ဆိုတာက နားညည်းတယ်.. နားပူနားဆာလုပ်တယ်.. ပွစိပွစိလုပ်တယ်ပေါ့။ သူဆိုလိုချင်တာက ပွမ်တယ်ဆိုတာ ရွတာ.. ကဲတာတဲ့.. ဟဟဟ xD သူက မန္တလေးသူ။ မန္တလေးမှာ ပွမ်တယ်ဆိုတာ ကဲတာတဲ့။ ကန်ဒီရော ကန်ဒီ့ညီမရော နားမလည်ဘူး။ ဒီမှာ ကန်ဒီပေါင်းနေတဲ့ သူငယ်ချင်းအများစုက နယ်ကများတယ်လေ။ သူတို့ဟာ သူတို့တော့ နားလည်နေတာပဲ :) ဒါနဲ့ ပြောနေတာဘယ်ရောက်သွားပြီလဲ? အင်း.. ကျူတယ် (အဲ့လို စာလုံးပေါင်းတာလား @_@).. အီတယ်ဆိုတာကို ကန်ဒီနားလည်ထားတာက တကယ်မဟုတ်ပဲ တကယ်မချစ်ဘဲနဲ့ ရည်းစားမကျ ဘာမကျစကားတွေပြော ဖုန်းတွေပြော ချက်တင်တွေထိုင်တာပါ။ ပထမဆုံး ကန်ဒီမေးချင်တာက ကျူတာကောင်းတယ်လို့ ထင်ပါသလား? ကန်ဒီကတော့ တော်တော်မကောင်းဘူးလို့ ထင်ပါတယ်။ တဖက်လူက ကျူနေပေမယ့် နောက်လူက တကယ်ကြီးထင်ခဲ့ရင် ဘယ်လိုလုပ်မလဲ? တဖက်သားနစ်နာပါတယ်။ ကိုယ်တကယ်ချစ်တဲ့သူလည်း မဟုတ်ဘဲနဲ့ ဘာလို့သူ့ကိုအချိန်ပေးနေမှာလဲ။ ကိုယ်တကယ်ချစ်တဲ့သူမို့ ကြိုးစားနေတာကို ကန်ဒီမဆိုလိုပါဘူး။ ခုခေတ်မှာ ကျူတာတော်တော်ရေပန်းစားပါတယ်။ ဘယ်လောက်တောင်လဲဆိုကျူနေရတာကိုတောင်ဂုဏ်ယူပြီးပြောနေတဲ့သူတွေကန်ဒီ့ပတ်ဝန်းကျင်မှာအများကြီးတွေ့နေရလို့ပါ။ ယောက်ျားလေးတွေလည်း ကျူပါတယ်။ မိန်းကလေးတွေလည်း ကျူပါတယ်။ အဲ့ဒီအတွက် ခံရတာက ကျူတာကိုမသိတဲ့ တဖက်လူတွေပါ။ စဉ်းစားကြည့်ပါ။ တဖက်လူက ရင်ထဲကမပါဘဲ ပါးစပ်ထဲရှိရာပြောနေတဲ့စကားတွေကို နောက်လူက တကယ်ကြီးတွေထင်ပြီး အပျော်ကြီးပျော်နေရအောင် တန်လို့လား? အဲတော့ အရေးကြီးတာက ကိုယ့်ကိုကျူနေမှန်း သိဖို့ပါ။ မသိပဲ သူပြောတာတွေယုံစားမိရင်တော့ သွားပြီပဲ။ Chat room တွေကတော့ ကျူတဲ့သူတွေရဲ့ အဓိက ကျက်စားရာပေါ့။ ဒါပေမယ့် အပြင်မှာ ကျူတာတွေလည်း အများကြီးပါ။ ဒါတွေပြောနေလို့ ကန်ဒီကို ဆရာကြီးလို့ မထင်ပါနဲ့။ ကျူလို့ကျူမှန်း ချက်ချင်းမသိတဲ့အထဲမှာ ကန်ဒီလည်းပါခဲ့တယ်။ ကန်ဒီ့ကို အင်တာနက်က ပထမဆုံးကွင်းကွင်းကွက်ကွက်ပြလိုက်တာ အဲ့ဒီကျူတာတွေပါ။ ကန်ဒီတက္ကသိုလ်ဒုတိယနှစ်လောက်က အမေက အိမ်မှာအင်တာနက်ဆင်ပေးတယ်။ ဆင်ပေးတဲ့သူကလည်း MIRC chat room လား ဘာလား အဲ့ဒါတွေထည့်ပေးသွားတယ်။ အဲ့ဒီမှာတင် အင်တာနက်မှာ ဒီလိုတွေ ရှိပါလားဆိုတာ ကန်ဒီကောင်းကောင်းကြီးနားလည်လိုက်တယ်။ ကန်ဒီ သင်ခန်းစာအများကြီးရလိုက်တယ်။ ကန်ဒီစိတ်ရင်းနဲ့ ခင်သလောက် လူတွေကကန်ဒီ့ကို တကယ်ခင်ကြတာမဟုတ်ဘူးလေ။ တချို့ကအကောင့် ၂ခု နာမည် ၂ခုနဲ့ လူကိုလာချက်ပြီး အရူးလုပ်နေကြတယ်။ အဲ့အချိန်ကစပြီး ဘယ်တော့မှ Public chat room မ၀င်တော့ဘူး။ Gtalk မှာလည်း သိမယ်ထင်တဲ့သူပဲ လက်ခံတယ်။ ဖေ့ဘွတ်မှာလည်း အဲ့လိုပဲ။ ဒီနောက်ပိုင်း Gtalk မှာလာအပ်တဲ့ သူတချို့ကို ကန်ဒီ့ဆီ လာလာလည်နေတဲ့သူတွေများ ဖြစ်နေမလားဆိုပြီး လက်ခံဖြစ်တယ်။ ဟိုနေ့ကပဲ စကားလာပြောတော့ ကောင်းကောင်းပြန်ပြောတာပေါ့။ နောက်တော့ သူကမေးတယ်။ Boy or Girl တဲ့... တော်တော်ရီချင်သွားတယ်။ candy ဆိုတာ Boy ဖြစ်နိုင်လား.. khine ဆိုတာကလည်း မိန်းကလေးဖြစ်ဖို့များတာပဲ.. ကန်ဒီလည်း အမြင်ကတ်လို့ Boy လို့ ဖြေလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး စကားလာမပြောတော့ဘူး။ မျိုးတူရင် တွန်းကန်တဲ့သဘောရှိတယ်ထင်တယ်နော် ဟဟဟ... ရီတော့ရီရတယ်။ ကိုယ်ချက်တဲ့သူရဲ့ နာမည်တောင် မကြည့်ဘူးလား မသိဘူး။
ကန်ဒီက လူတိုင်းကို လေးလေးနက်နက် ခင်သလောက် သူများက ပေါ့ပျက်ပျက်နိုင်ကြတာများတယ်။ ကန်ဒီ့ကို လာကျူတာတော့ ရှားပါတယ်။ ကိုယ်ကလည်း သိတဲ့သူလောက် လက်ခံတာဆိုတော့။ လာလာကျူကြလို့ စိတ်ညစ်တယ် စိတ်ညစ်တယ်နဲ့ သူငယ်ချင်းတစ်ယောက်က ညည်းတယ်။ ညည်းတာလား ကြွားတာလားတော့ မသိဘူး (အမှန်တွေ ပြောမိရင်သည်းခံပါ :P)။ အဲ့လိုအကျူမခံချင်တာများ လွယ်လွန်းလို့.. Profile picture တွေကို Couple ပုံတင်လိုက်.. ဒါမှမဟုတ် Cartoon ပုံတင်လိုက်.. လို့ အကြံပေးလိုက်တယ်။ ဒီလိုကျတော့လည်း မလုပ်ချင်ဘူး။ အဲ့ဒါဘာဖြစ်တာလဲ နားကိုမလည်ဘူး >.< အင်တာနက်မှာကျူတာကို ဒီမှာတင်ရပ်ပြီး အပြင်လောကမှာ ကျူတာကိုနည်းနည်းပြောရအောင်။ အပြင်လောကမှာလည်း တော်တော်ကြောက်စရာကောင်းတဲ့ သူတွေရှိပါတယ်။ ကောင်မလေးတစ်ယောက်မှာ ချစ်သူရှိတယ်။ ချစ်သူနဲ့ ခဏခွဲနေရတဲ့ အနေအထားပေါ့။ အဲ့ဒီလူက အဲဒီ့ကောင်မလေးရဲ့ သူငယ်ချင်းရဲ့သူငယ်ချင်းဆိုတော့ သူငယ်ချင်းပဲပေါ့။ ဖေ့ဘွတ်မှာလာအပ်တော့ ကောင်မလေးက Accept လိုက်တယ်။ ချစ်သူရှိတယ်လားမေးတော့ ကောင်မလေးက အင်း.. ရှိတယ်ပေါ့။ နောက်တော့ အဲ့ဒီလူက ကောင်မလေးကို ရည်းစားစကားပြောတယ်။ ကန်ဒီ ဒါကိုမှားတယ် မဆိုလိုပါဘူး။ လူတိုင်းမှာ ချစ်ပိုင်ခွင့်ရှိတယ်။ ချစ်တာကိုလည်း ဖွင့်ပြောပိုင်ခွင့်ရှိတယ်။ ကောင်မလေးချစ်တာ မချစ်တာ လက်မခံနိုင်တာ သူ့အပိုင်းပဲလေ။ ကောင်မလေးက မဖြစ်နိုင်ပါဘူး.. သူ့မှာ ချစ်သူရှိပါတယ်ပြောတော့ အဲ့လူက မျက်နှာပြောင်တိုက်ပြီး ကောင်မလေးကို ဘာပြောတယ်ထင်လဲ.. ကောင်မလေးချစ်သူမရှိတဲ့အချိန်လေးပဲ သူ့နားနေပေးပါတဲ့။ ကောင်မလေးချစ်သူပြန်လာရင် သူထွက်သွားပေးမယ်တဲ့။ ဒါကောင်မလေးကို အထင်သေးတာပဲ။ ကောင်မလေးအဆင့်က ဘယ်ရောက်သွားမလဲ စဉ်းစားသာကြည့်တော့။ အဲ့အချိန်ကစပြီး ကောင်မလေးလည်း အဲ့ဒီလူကို သိပ်မခေါ်မပြောတော့ဘူး။ နောက်ပိုင်း ကောင်မလေးကြားရတာက အဲ့လူက တော်တော်ရှုပ်ဆိုပဲ။ မိန်းကလေးတွေလည်း တစ်ယောက်ပြီးတစ်ယောက်တွဲတယ်တဲ့။ ကန်ဒီ ပြောချင်တာက အဲ့ကောင်မလေးနေရာမှာ တခြားရည်းစားမရှိတဲ့ မိန်ကလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်... သူပြောတာတွေထဲမှာ အရည်ပျော်ပြီး သူနဲ့ကြိုက်မိမယ်ဆိုရင် မတွေးရဲစရာပဲလေ။ ဒါပေမယ့် တကယ်ကိုယ့်အပေါ်အလေးထားတာနဲ့ မထားတာတော့ သိသာပါတယ်။ နောက်တစ်ခုက မိန်းကလေးတွေကလည်း မကြိုက်နိုင်ရင် မကြိုက်နိုင်ဘူး တည့်တည့်မပြောပဲ မျှော်လင့်ချက်တွေပေးပြီး အီနေတဲ့ကိစ္စပါ။ အဲ့လိုလုပ်တာ သူများကို ဒုက္ခပေးရာရောက်ပါတယ်။ မချစ်နိုင်ရင် မချစ်နိုင်ဘူးပြောပါ။ သူလည်း အချိန်မကုန်ပါဘူး။ ကိုယ်လည်း အချိန်မကုန်ပါဘူး။ အဲ့လိုအီတဲ့လူတွေ အများကြီးနဲ့ လုံးလည်လိုက်နေတဲ့ မိန်းကလေးတွေ တွေ့ဖူးပါတယ်။ အဲလိုတွေလုပ်နေတော့ ကိုယ်ပဲသိက္ခာကျတာပါ။ လူပြောစရာဖြစ်တာပါ။ ဒီပိုစ့်ရေးလို့များ ကန်ဒီ့ကိုမုန်းကြမလား? ဒါကန်ဒီ့အမြင်သက်သက်ပါ။ အကြောင်းတိုက်ဆိုင်သွားရင် အားလုံးပဲ အမိုက်အမဲလေးကို ခွင့်လွှတ်ပါလို့ ^_~ Posted by Candy

2 comments:

  1. လာလည်သွားတယ် ရွှေစင်ရေ...
    ဘယ်နားပြောရမလဲ မသိလို့ ဒီမှာပဲ မန့်သွားတယ်နော်..

    ပိုစ့်လေးကြိုက်တယ်ဆိုလို့ရော ပြန်ရှယ်လို့ရော ကျေးဇူးတင်ပါတယ်နော် :D

    ReplyDelete
  2. thanks candy
    ဟုတ်တယ်ရေးစရာC boxကမရှိဘူး :D

    ReplyDelete